Thursday, September 15, 2011

ချစ်ခြင်းမည်သည်

ချစ်သည် မချစ်သည်
ချစ်သည်လည်းရှိသည် မချစ်သည်လည်းရှိသည်
ထိုအထဲ တဖက်စွန်းကျလာရင်တော့
မုန်းသည်လည်း မည်လိမ့် မည် ။

အချစ်သည် အချစ်မမည်လေသောအခါ
စိတ်ပျက် ငြီးငွေ့ခြင်းတွေ ရှင်သန်လာမည်
သူ့ရင်မှာတစ်ခု ကိုယ့်ရင်မှာတစ်ခု
ချစ်သစ်ပင်တွေ စိုက်ပျိုးထားလေတော့
မြေတောင်မြှောက် ရေလောင်းပေးမှ
လန်းဆန်းတက်ကြွ ရှင်သန်လေမည် ။

တစ်စုံတစ်ခု ပယောဂကြောင့်
ရေသောက်မြစ် ပိန်လှီးနေခဲ့ရင်လည်း
သင်ကိုယ်တိုင် ကိုယ့်တာဝန်အဖြစ်
ရေလောင်းဖို့ မမေ့လေနှင့်
မြေဆီကြွေးဖို့မမေ့လေနှင့်
နေရောင်ချည်းလည်း ရပါစေ
လောင်းရိပ်လည်း ကင်းပါစေ
ဒါမှ ရင်ခွင်တည်ရှိ ချစ်သစ်ပင်လည်း
ရှင်သန်ဖြိုးမောက် အချစ်မည်လာမည်။

သူ့အတွက် ကိုယ်ကြည့်လေတော့
ကိုယ့်အတွက် သူမကြည့်လေသလား
အတွေးမမှားစေနှင့်
သူသည် ခံစားမှုကင်း စက်ရုပ်မဟုတ်လေတော့
သင်သို့နှယ် သူသည်လည်း အသက်ရှူလိမ့်မည် ။

အချစ်သည် လုပ်ယူ၍မရပါဟုဆိုသော်လည်း
အချစ်ဖြစ်လာရင်တော့ လုပ်ယူမှ ရှင်သန်ပါလိမ့်မည် ။
အချစ်ကို အချစ်အဖြစ်တည်ရှိလာဖို့
ချစ်တာတွေထပ်လောင်းမှ ချစ်သက်ရှည်လိမ့်မည်။

ဘာနေ
15-9-2011

No comments: