Saturday, September 17, 2011

လက်ဦးမှု ရှိပြီးသား



ကျနော်တို့တတွေ ယခု ကျနော်တို့ ရနေတဲ့ ဘဝအတွက် ကျေနပ်ပါပြီလို့ ဆိုတဲ့သူ ခပ်ရှားရှားပါ ။ မလိုချင် ဖြစ်နေတဲ့သူ နဲ့ ရနေတဲ့ အခြေအနေကနေ ဒီ့ထက်ကောင်းတာကို ရလို့ရငြား ဆက်လှမ်းနေတဲ့သူတွေဆိုပြီး အများအားဖြင့်ရှိကြပါတယ် ။ တချို့ကလည်း ဘဝအတွက် ကောင်းမွန်တဲ့ အားထုတ်မှုတွေကို လုပ်ဖို့ အချိန်မရဘူးဆိုပြီး ပြောတတ်ကြသေး ။ ဟုတ်တော့လည်း ဟုတ်ပါတယ် အလုပ်ဝင်နေတဲ့သူတွေမှာ သာမန်အမြင်အားဖြင့် ကြည့်မယ်ဆိုရင် အားဖို့နေနေသာသာ နိစ္စဒူဝအလုပ်တွေနဲ့ မအားလပ်ကြပါဘူး ။ လက်ရှိ ဖြစ်ပျက်နေတဲ့ ဘဝအကြောင်း တွေးဖို့နေနေသာသာ ယားလို့တောင် ကုပ်နိုင်တာ မဟုတ်ဘူးဟု တချို့က ဆိုကြပြန်လေတော့ … မိမိအမြင်မှာဖြင့် ..ခက်သည်ထက် ခက်သည်ပဲ ပြောချင်ပါတော့တယ် ။ အဲ့ဒီလို သေသည်အထိ မအားဘူး၊ အချိန်မရှိဘူး ဟုငြင်းဆိုနေမည်ဆိုလျှင်တော့ လူဖြစ်ကျိုး နပ်သည်ဟု အသိဥာဏ်ရှိသောသူ မည်သူမဆို ယူဆကြမည်မဟုတ်ပါ လို့ ပြောချင်ပါတယ် ။

Thursday, September 15, 2011

ချစ်ခြင်းမည်သည်

ချစ်သည် မချစ်သည်
ချစ်သည်လည်းရှိသည် မချစ်သည်လည်းရှိသည်
ထိုအထဲ တဖက်စွန်းကျလာရင်တော့
မုန်းသည်လည်း မည်လိမ့် မည် ။

အချစ်သည် အချစ်မမည်လေသောအခါ
စိတ်ပျက် ငြီးငွေ့ခြင်းတွေ ရှင်သန်လာမည်
သူ့ရင်မှာတစ်ခု ကိုယ့်ရင်မှာတစ်ခု
ချစ်သစ်ပင်တွေ စိုက်ပျိုးထားလေတော့
မြေတောင်မြှောက် ရေလောင်းပေးမှ
လန်းဆန်းတက်ကြွ ရှင်သန်လေမည် ။

တစ်စုံတစ်ခု ပယောဂကြောင့်
ရေသောက်မြစ် ပိန်လှီးနေခဲ့ရင်လည်း
သင်ကိုယ်တိုင် ကိုယ့်တာဝန်အဖြစ်
ရေလောင်းဖို့ မမေ့လေနှင့်
မြေဆီကြွေးဖို့မမေ့လေနှင့်
နေရောင်ချည်းလည်း ရပါစေ
လောင်းရိပ်လည်း ကင်းပါစေ
ဒါမှ ရင်ခွင်တည်ရှိ ချစ်သစ်ပင်လည်း
ရှင်သန်ဖြိုးမောက် အချစ်မည်လာမည်။

သူ့အတွက် ကိုယ်ကြည့်လေတော့
ကိုယ့်အတွက် သူမကြည့်လေသလား
အတွေးမမှားစေနှင့်
သူသည် ခံစားမှုကင်း စက်ရုပ်မဟုတ်လေတော့
သင်သို့နှယ် သူသည်လည်း အသက်ရှူလိမ့်မည် ။

အချစ်သည် လုပ်ယူ၍မရပါဟုဆိုသော်လည်း
အချစ်ဖြစ်လာရင်တော့ လုပ်ယူမှ ရှင်သန်ပါလိမ့်မည် ။
အချစ်ကို အချစ်အဖြစ်တည်ရှိလာဖို့
ချစ်တာတွေထပ်လောင်းမှ ချစ်သက်ရှည်လိမ့်မည်။

ဘာနေ
15-9-2011