Saturday, September 17, 2011

လက်ဦးမှု ရှိပြီးသား



ကျနော်တို့တတွေ ယခု ကျနော်တို့ ရနေတဲ့ ဘဝအတွက် ကျေနပ်ပါပြီလို့ ဆိုတဲ့သူ ခပ်ရှားရှားပါ ။ မလိုချင် ဖြစ်နေတဲ့သူ နဲ့ ရနေတဲ့ အခြေအနေကနေ ဒီ့ထက်ကောင်းတာကို ရလို့ရငြား ဆက်လှမ်းနေတဲ့သူတွေဆိုပြီး အများအားဖြင့်ရှိကြပါတယ် ။ တချို့ကလည်း ဘဝအတွက် ကောင်းမွန်တဲ့ အားထုတ်မှုတွေကို လုပ်ဖို့ အချိန်မရဘူးဆိုပြီး ပြောတတ်ကြသေး ။ ဟုတ်တော့လည်း ဟုတ်ပါတယ် အလုပ်ဝင်နေတဲ့သူတွေမှာ သာမန်အမြင်အားဖြင့် ကြည့်မယ်ဆိုရင် အားဖို့နေနေသာသာ နိစ္စဒူဝအလုပ်တွေနဲ့ မအားလပ်ကြပါဘူး ။ လက်ရှိ ဖြစ်ပျက်နေတဲ့ ဘဝအကြောင်း တွေးဖို့နေနေသာသာ ယားလို့တောင် ကုပ်နိုင်တာ မဟုတ်ဘူးဟု တချို့က ဆိုကြပြန်လေတော့ … မိမိအမြင်မှာဖြင့် ..ခက်သည်ထက် ခက်သည်ပဲ ပြောချင်ပါတော့တယ် ။ အဲ့ဒီလို သေသည်အထိ မအားဘူး၊ အချိန်မရှိဘူး ဟုငြင်းဆိုနေမည်ဆိုလျှင်တော့ လူဖြစ်ကျိုး နပ်သည်ဟု အသိဥာဏ်ရှိသောသူ မည်သူမဆို ယူဆကြမည်မဟုတ်ပါ လို့ ပြောချင်ပါတယ် ။
အဲ့ဒီလိုအတွေးတွေနဲ့  ကျနော်တို့ ဖြစ်နေကြတာ … ခံစားနေကြရတာ… မလိုချင်ပဲလည်း လက်ခံနေကြရတာ .. ဒီ့ထက်ပိုကောင်းတာ လိုချင်ပေမဲ့လည်း .. ရှိနေတဲ့ အခြေအနေက မကျော်လွှားနိုင်တာ စသဖြင့် အကြောင်းပြချက်လေးတွေနဲ့ မလွတ်မကင်းတွေချည်းပဲ ။ တကယ်တော့ ဟိုစကားပုံတစ်ခုလိုပဲ .. “ဆင်ခြေဟာ လူပျင်းတွေအတွက် အကောင်းဆုံးသော လက်နက်ပဲ တဲ့” ။  ကြိုးစားချင်သူတွေအတွက် ကောင်းလိုက်တဲ့ စာသားလေး.ပါ ။  ကျနော်တို့တတွေမှာ အမှန်တကယ်လိုအပ်ချက်ကတော့ “သတိပါတဲ့ အသိဥာဏ် ပါ” ။ ဘယ်လိုလဲဆိုရင် လက်ရှိ မိမိမှာ ဖြစ်နေတဲ့ အခြေအနေတွေကို ပြန်သိခြင်း သတိနဲ့ ဘယ်သို့ ဖြတ်သန်းရမလဲ ဆိုတဲ့ အသိဥာဏ် လိုအပ်တာပါ ။
ယခုမဟုတ်တဲ့ မနေ့တွေပေါင်း မြောက်များစွာကို ကျနော်တို့ တန်ဖိုးရှိသလိုလိုနဲ့ မသိမသာ ဖြတ်သန်းခဲ့ပြီးပါပြီ ..။ နောက်ထပ် လာမဲ့ နေ့တွေအတွက်လည်း ထိုကဲ့သို့ မသိမသာလေးတွေနဲ့ ကုန်ဆုံးအုံးမှာပါ …။ ဒီကြားထဲ ကံကြမ္မာက မျက်နှာသာ မပေးလို့ ကျနော်တို့တတွေ သေမင်းနဲ့ ကြုံသွားမယ်ဆိုရင်တော့ ဒီလူ့ဘဝကနေ .. တယုတယ ဖမ်းဆုပ်ဖို့ ဘာမှ ရသွားမှာ မဟုတ်ပါဘူး ။ အချိန်ဆိုတာကိုလူတိုင်း အစိုးမရတဲ့အရာဟု လက်ခံထားကြပါတယ် ..။ ထို့အတူ သေခြင်းဆိုတဲ့ အဆုံးသတ်ကိုလည်း  အစိုးမရတဲ့အရာဟု လက်ခံထားကြပါတယ် ။ သို့သော် … ဘာအတွက်ရယ်ကြောင့် ဒါတွေကို မကြောက်ပဲ လက်ရှိအနေအထားကနေ မပြောင်းမလဲ မပြုမပြင်နေနေရပါသလဲ ဆိုတဲ့ အချက်ကို  သတိထားကြည့်မယ်ဆိုရင် သိသာနိုင်ပါတယ်။
လူတိုင်းလိုလိုမှာ လိုချင်မှု ၊ စွဲလမ်းမှု ဆိုတဲ့ ပညာမပါ အရိုင်းထိုး စိတ်ဆန္ဒတွေကြောင့် ထို ဥာဏ်ပညာဖြင့် ယှဉ်တဲ့ သတိထားရမဲ့အရာတွေကို မေ့လျှော့နေကြတာပါ ။ ရံဖန်ရံခါ ပေါ်ကာလေမျှ ဖြစ်သော သတိစိတ်ကလေးကြောင့်သာ ကျနော်တို့ ယခုလို သတိရှိပြီး “ဒါကောင်းတာပါ့ရော” “ ဒါက ဆိုးတာပါလား” စသဖြင့် ခွဲခြားသိရှိနေခြင်းပါ ။ တကယ်တော့ “စိတ်ဆိုတာ သတိနဲ့ တွဲစပ်လိုက်ရင် ကိုင်လှုပ်လို့ရတဲ့ အရာလိုမျိုး ဖြစ်သွားပါတယ်” ။ ဥပမာ- မိမိစိတ်တိုနေချိန်မှာ သတိပေါ်လာပြီး … “ဟာ ငါ ခု စိတ်တိုနေတာပါလား .. ” ဆိုပြီး သိလိုက်မိတဲ့အချိန်မှာ  ပိုကောင်းတာကို လက်ခံတတ်တဲ့ လူ့သဘောသဘာဝအရ  အကောင်းဘက်ကို ပြောင်းဖို့ တာစူလာပါလိမ့်မယ် ။ အဲ့ဒီလို အသိသတိ ရှိလာတဲ့အခါ “ ငါဒေါသ မထွက်သင့်ပါဘူးဆိုပြီး ကိုယ့်စိတ်ကို ပြောင်းလဲသွားအောင် လုပ်လိုက်ရော ”။ အဲ့ဒီလို ပြောင်းလဲသွားခြင်းဟာ သတိဖြစ်ပေါ်ခြင်းကြောင့် ဆိုတာ လက်တွေ့မှာ အဖြေပေါ်လာတာပါပဲ ..။
ထို့အတူ လက်ရှိ ကျနော်တို့ တွေးနေတယ် ..။ ယခု ကျနော်ဆိုရင် စာရေးနေတယ် .. သင် ဆိုရင် ကျနော်ရေးထားတဲ့ စာတွှေကိုလိုက်ဖတ်နေတယ် ..။  ဒီအချိန်မှာ မိမိစိတ်ကို ပြန်မြင်ကြည့် .. သတိထားကြည့် .. ငါ စာဖတ်နေတာပါ့ရော ဆိုတဲ့ အသိ ။ အဲ့ဒီ အသိဟာ သတိထားခြင်းပါပဲ ..။  ပြီး ငါ့စိတ် အေးချမ်းနေသလားဆိုတာ ထပ်ပြီး သတိထားကြည့် ..။ မအေးချမ်းဘူးဆိုရင် အေးချမ်းတဲ့စိတ် အဖြစ် ပြောင်းလဲပေးကြည့် ..။ ဒီလိုလုပ်လေ့ရှိလာရင် အကျင့်ရလာပြီး အဆိုးတွေနဲ့ ကြုံလာတဲ့အခါ သက်သာမှု ရပါတယ် ။ အဲ့ဒီလို သတိရှိနေတဲ့အချိန်မှာ ကိုယ်စိတ်အိမ်က မအေးချမ်းပဲ ဖြစ်နေတယ်လို့ သတိက သိနေတယ် ဆိုပါစို့ .. “ ဒါဆို ..ဒီအချိန်မှာ ခုမအေးချမ်းပဲ ဖြစ်နေတဲ့ ငါ့စိတ်ဟာ အေးချမ်းတဲ့ စိတ်ရော ဖြစ်လို့ မရနိုင်တော့ဘူးလား ဆိုပြီး ကိုယ့်ကိုယ်ကို မေးကြည့် … မေးနေရင်း … ပြောင်းလဲကြည့် ” ပြောင်းလဲလို့ ရနေမှန်းသိသာလာပါလိမ့်မယ် ..။ အဲ့ဒီလိုနဲ့ လူ့စိတ်ဖြစ်တဲ့ ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ဟာ ထိန်းသိမ်းလာနိုင်တာကို တွေ့ရပါလိမ့်မယ် …။ ဒါဘာကြောင့်လဲဆိုရင် မိမိမှာ ဖြစ်နေတဲ့ စိတ်ကို သတိထားနိုင်ခြင်းကြောင့်ပါ ..။
သတိမရှိတဲ့အခါ လူတွေဟာ ကိုယ့်ကိုယ်ကို ဒေါသ ဖြစ်လို့ဖြစ်နေမှန်းမသိ ဖြစ်နေပါလိမ့်မယ် .။ အဲ့ဒီလို သတိမရှိတဲ့အခါ .. ဆိုးပြီး ထပ်ဆိုး တဖက်က တုံ့ပြန်လေ မကျေမချမ်းဖြစ်ပြီး ပိုဒေါသထွက်လေ .. နဲ့ မောဟ သံသရာမှ ဆက်မတက်နိုင်တော့ပဲ လည်နေရပါလိမ့်မယ် ။ ဒီတော့ ယခု ကျနော်တို့ မိမိကိုယ်ကို သိနေတဲ့ အသိဟာဖြင့် လူ့ဘဝ ရခိုက် … မိမိနဲ့ ကံကြမ္မာ ယှဉ်ပြိုင်နေခြင်းမှာ မိမိကနေ လက်ဦးမှု ရနေတယ်ဆိုတဲ့ သက်သေတစ်ခု ဖြစ်ပါတယ် ..။ ဘာကြောင့်လဲဆိုရင်  လူ့စိတ်ဟာ ပြုပြင်ပြောင်းလဲလို့ ရနေခြင်းကြောင့် ပါ ..။ ယခုအချိန်ကစပြီး … လက်တွေ့ သတိထားပြီး ပြုပြင် ပြောင်းလဲ ကြည့်ပါ ..။ အဲ့ဒီလို ပြောင်းလဲလို့ တိုးတက်လာတယ်ဆိုရင်လည်း  အထက်မှာ ဖော်ပြခဲ့တဲ့ “လူသားတိုင်းလိုချင်တဲ့ ဘဝအတွက် ကျေနပ်မှုဆိုတာ” ဟာလည်း တဖြည်းဖြည်း ပုံပေါ်လာပါလိမ့်မယ် …။ ကဲ .. ကျနော့်အတွေးကို ဒီလောက်ပဲ ဖော်ပြနိုင်စွမ်းရှိတာမို့ ဆက်လက်ချီတက်ဖို့အတွက် မိမိဦးနှောက်ကိုသာ ဆက်လက် အသုံးပြုပါလို့ ဆိုချင်ပါတယ် ..။ လူသားတိုင်း မိမိဘဝအတွက် အချိန်နဲ့ ယှဉ်ပြီး လက်ဦးမှုရတဲ့ သူများ ဖြစ်ကြပါစေ ………။
ဘာနေ
၁၇ ၊ စက်တင်ဘာ ၊ ၂၀၁၁

No comments: