Monday, February 27, 2012

စာပေ၊ လူငယ်နှင့် ရိုးသားမှု

စာပေဆိုတာဟာ လူတွေရဲ့ စရိုက်တွေကို မကောင်းတဲ့ စရိုက်ကနေ ကောင်းတဲ့စရိုက်အဖြစ် တဖြေးဖြေးနဲ့  အသိဥာဏ်ကနေတဆင့် ကုစားပေးခြင်းလို့ ယူဆမိပါတယ် ။
ပုံစံအမျိုးမျိုး ရေးသားတင်ပြထားတဲ့ စကားလုံးတွေကို မျက်စိဖြင့်မြင်ပြီး စိတ်အသိဖြင့်နားလည်ခြင်းဟာ စာဖတ်ခြင်းပါလို့ လွယ်လွယ်ပြောချင်မိပါတယ် ။
စာပေဖတ်ရှုရာမှာ ကောင်းကျိုးအတွက် ရေးသားတဲ့ စာဟာ ကောင်းကျိုးအတွက်ပဲ ဖြစ်စေပြီး မကောင်းတဲ့ဘက်ကို ဦးတည်ရေးတဲ့စာပေဟာလည်း မကောင်းကျိုးကိုပေးမှာ သေချာပါပဲ ။ သို့သော် ကောင်းကျိုးဖြစ်ခြင်း မဖြစ်ခြင်းဟာ ရွေးချယ်သူ ပေါ်မှာပဲ မူတည်ပါတယ် ။

ဒီနေ့မနက် မေးဖတ်ရင်းGoogle mail group တွေအကြောင်း စဉ်းစားမိပါတယ် ။ ဒါကြောင့် ကျနော် ဖန်တီးထားတဲmail Group ကို ပြန်စမ်းသပ်ရင်း အီးမေးတစ်ခု စမ်းပို့ကြည့်ပါတယ် ။ အီးမေးထဲမှာ ကျနော် ပြီးခဲ့တဲ့ တစ်နှစ်လောက်က ရေးခဲ့တဲ့ ပို့စ်တစ်ခုကို ထည့်ပို့လိုက်ပါတယ် ။ အကြောင်းက အုပ်စုလိုက် မေးပို့တာကို ပြန်စချင်တဲ့သဘောကြောင့်ပါ .. ။ ပို့လိုက်တဲ့ ပို့စ်ခေါင်းစဉ်က ဒို့ခေတ်လူငယ် ဆိုတဲ့ ခေါင်းစဉ်ပါ ။ သူငယ်ချင်းတစ်ယောက်က ကောင်းတယ်တဲ့ ဒီလို လူငယ်တွေအတွက် ထပ်ရေးစေချင်တယ်တဲ့ ။ ဒီတော့ ကျနော်လည်း .. စိတ်ထဲ ရှိတာတွေ ၊ ပြောချင်တာတွေ ရေးမယ်ဆိုပြီး ခု ဒီပို့စ်ကို စလိုက်တာပါ ။ အကြောင်းအရာအများစုကတော့ ကျနော်ကိုယ်ကို ဦးတည်ပြီး ပြောလိုတာတွေ ဖြစ်ပေမဲ့ ကျနော်လို လူငယ်တွေအတွက်လည်း သက်ရောက်နေပါလိမ့်မယ် ။
လူငယ်တစ်ယောက်မှာ သို့မဟုတ် လူတစ်ယောက်မှာ .. ရိုးသားခြင်း ဆိုတာဟာ တန်ဖိုးကြီးမားတဲ့ အရာတစ်ခုပါ ။ ရိုးသားခြင်းကို ငွေဖြင့်ဝယ်လို့ မရနိုင်ပါဘူး ။ ရိုးသားခြင်းဆိုတာ လူတစ်ယောက်ရဲ့ အကျင့်စရိုက် တစ်ခုပါ ။ ဒါပေမဲ့ ရိုးသားတဲ့သူ ရှားပါတယ် ။ ကျနော်ကိုယ်တိုင်တောင် မရိုးသားမှုတွေ ရှိခဲ့ဖူးပါတယ် ။ သို့သော် လက်ရှိ ရောက်နေတဲ့ နေရာကနေ မရိုးသားမှု ဖြစ်ဖို့ အခွင့်အရေးပေါ်လာတိုင်း ရှောင်တတ်ဖို့ ကိုယ့်အသိဥာဏ်ကို အသိပေးထားဖို့လိုပါတယ် ။ လူတိုင်း ကိုယ်ကိုယ်တိုင် ရိုးသားမှု ရှိသလား မရှိဘူးလားဆိုတာ သိကြပါတယ် ။ ဒါပေမဲ့ ကိုယ်ရဲ့ မရိုးသားမှုကို ဘယ်သူ့ကိုမှ မသိစေချင်ကြပါဘူး ။ မရိုးသားစိတ် ဘာကြောင့် ဖြစ်ရတာလဲဆိုရင် လိုချင်မှု လောဘ စတဲ့ စိတ်တွေကြောင့်ပါ ။
ရိုးသားမှုတစ်ခု ကိုယ့်လက်ဝယ်မှာ ရှိနေရင် … ကိုယ့်စိတ်ကလည်း ရှင်းနေပါလိမ့်မယ် ။ လူ့ဘဝမှာ ကုန်လွန်မဲ့ အချိန်တိုင်းလိုလို တန်ဖိုးရှိနေပါလိမ့်မယ် ။ ကိုယ့်လိပ်ပြာ ကိုယ်လုံနေပါလိမ့်မယ် ။ စီးပွားရေး လောကမှာပဲဖြစ်ဖြစ် ၊ အုပ်ချုပ်မှုဆိုင်ရာမှာပဲဖြစ်ဖြစ် ၊ တစ်ကိုယ်တော် ကြိုးစားမှုမှာပဲ ဖြစ်ဖြစ် ရိုးသားမှုဟာ အကောင်းဆုံးလက်နက်ပါပဲ ။ လူအများစုက သူတို့ကိုယ်တိုင် မရိုးသားပေမဲ့ ရိုးသားသူတွေကိုတော့ နှစ်သက်တတ်ကြပါတယ် ။ မရိုးသားသူတွေကိုတော့ မည်သူမဆို မနှစ်သက်ပါဘူး ။ ဒီတော့ လူတွေရဲ့ မနှစ်မျိုတာကိုကြိုက်သလား ၊ နှစ်သက်တာကိုကြိုက်သလား ဆိုတာကို မိမိကိုယ်ကို မေးထားသင့်ပါတယ် ။
ရိုးသားမှု ဖြစ်လာရင် ကြိုးစားမှုဆိုတာလည်း ဖြစ်လာပါတယ် ။ လူတစ်ယောက် ရိုးသားစိတ်ရှိလာရင် မဟုတ်မမှန်တဲ့ စိတ်မျိုးမမွေးပဲ ကိုယ်တိုင် ကြိုးစားရယူလိုစိတ်တွေ အလိုလိုဖြစ်လာပါတယ် ။ ရှိးသားမှုမှာ အသိဥာဏ်ပညာနဲ့ယှဉ်ပြီး ရိုးသားခြင်းက ပြိုပျက်ခဲတယ်လို့ ယူဆမိပါတယ် ။ ဘာလို့လဲဆို အသိဥာဏ်ပညာရှိမှ ရိုးသားခြင်းရဲ့ တန်ဖိုးကို သိတာပါ ။ လူလတ်ပိုင်းအရွယ်တွေမှာ ရိုးသားခြင်း တန်ဖိုး သိဖို့ တော်တော်ခဲယဉ်းပါတယ် ။ လိုချင်မှု စိတ်တွေကသာ ကြီးစိုးတာ များတာကြောင့် ရိုးသားခြင်းဟာ လိုချင်မက်မောတဲ့ လောဘ စိတ်တွေကိုမတွန်းလှန်နိုင်ပဲ တိမ်မြုပ်သွားပါတယ် ။ ခုခေတ်လူငယ်တွေကြားမှာ ရိုးသားမှုကို မြတ်နိုးတဲ့သူတွေကိုလည်း တွေ့ရပါတယ် ထိုသူတွေကိုမြင်ရတော့ ဝမ်းသာမိတယ် ..။ မရိုးသားတာတွေကိုပြုမူတဲ့ လူငယ်တွေကိုလည်း တွေ့ရပါတယ် ။ သူတို့တွေကို အပြစ်မတင်ရက်ပါဘူး အပြစ်လည်း မတင်သင့်ဘူးလို့ထင်တာပါပဲ ။ တကယ်တော့ သူတို့လည်း ပြုပြင်ဖို့ လိုအပ်သူတွေပါပဲ ။ သူတို့ကို အသိပညာ ဖြန့်ဝေပေးခြင်း သင့်လျှော်မဲ့စကားများ ပြောကြားပေးခြင်းများဖြင့် ကုစားသင့်တယ်လို့ ယူဆမိပါတယ် ။
စာဖတ်များတဲ့သူဟာ ရိုးသားမှုဘက်ကို ကူးပြောင်းလာတတ်တဲ့သဘော ရှိပါတယ် ။ ဘာလို့လဲဆို စာပေတွေထဲမှာ ရေးသူတိုင်းလိုလိုက ရိုးသားခြင်းကို အခြေပြုပြီး ရေးခဲ့ကြလို့ပါပဲ ။ ဒါကြောင့် လူတိုင်းအတွက် စာပေဟာ အရေးကြီးသလို စာဖတ်ဖြစ်ဖို့ကလည်း အရေးကြီးပါတယ် ။ လူငယ်တစ်ယောက်အနေနဲ့ စာဖတ်တဲ့ အကျင့်လေး ရှိထားစေချင်ပါတယ် ။ ဒါမှ ကိုယ့်ကိုယ်ကို ဘယ်လိုနေထိုင်သင့်တယ်ဆိုတာ သိလာပါလိမ့်မယ် ။ အများ ပြေးနေချိန်မှာ လိုက်ပြေးနိုင်မှ သူတို့နဲ့ ရင်ဘောင်တန်း ခရီးရောက်ပါလိမ့်မယ် ။ အများက နှေးနေချိန်မှာ ကိုယ်က မှန်မှန်ပြေးနေမယ်ဆိုရင် သူတို့ထက် ပိုပြီး ခရီးရောက်ပါလိမ့်မယ် ။ ပြင်းထန်ဖို့ မဟုတ်သလို ဖြေးဖြေးအေးအေးလည်းမလုပ်စေချင်ဘူး ။ ဒါပေမဲ့ ကြိုးစားလိုစိတ်တော့ ဆောင်ထားသင့်တယ် ဒါမှ နောင်တတွေက သေးနေမှာ ..။
ကျနော်အပါအဝင် လူငယ်တွေအတွက် အများကြီးတော့ မပြောချင်ပါဘူး ။ လက်ရှိအချိန်မှာ ကိုယ်ဘာလုပ်နေသလဲဆိုတာ သိနိုင်အောင် လုပ်ထားစေချင်ပါတယ် ။ ကိုယ်လုပ်နေတာကို သိနေရင် အကျိုးရှိတာလား မရှိဘူးလား ခွဲခြားမိပါလိမ့်မယ် ။ နောက်ပြီး အကျိုးမရှိတာကိုပယ် ၊ အကျိုးရှိစေမဲ့ တိုးတက်မဲ့ လမ်းကို ရွေးတတ်ပါလိမ့်မယ် ။  လက်ရှိအချိန်မှာ လူတိုင်းလိုလို ကိုယ်ဘာလုပ်နေသလဲဆိုတာ မသိနိုင်ပဲ မေ့တတ်လွန်းလို့ ပါ ကျနော်ကိုယ်တိုင် ခုအချိန်ကိုမေ့နေတတ်ပါတယ် ။ အဲ့ဒီလို မေ့နေတဲ့ အချိန်အများစုမှာ ကျနော်တို့တတွေဟာ စိတ်စေရာကို လွင့်နေတတ်ပါတယ် ။ တနေ့တာရဲ့ နိစ္စဓူဝလုပ်ရပ်တွေမှာ  ကိုယ်တတ်နိုင်သမျှ သတိထားပြီး ကိုယ့်စိတ်ကို ပြန်မြင်နိုင်ဖို့ လိုအပ်ကြောင်း ပြောလိုပါတယ်ဗျာ …။
ဘာနေ
၁ ရက် ၊ ဖေဖော်ဝါရီ ၊ ၂၀၁၂

No comments: