Monday, February 27, 2012

သင်ရော ဘယ်လိုထင်မြင်သလဲ

သင်ရော ဘယ်လိုထင်မြင်သလဲ
လူတစ်ယောက်အတွက် သူ့ရဲ့ နေ့စဉ် ဖြတ်သန်းနေစဉ်အတွင်းမှာ .. ကျေနပ်စိတ်ဖြစ်ခြင်း မဖြစ်ခြင်း ဆိုတာတွေ ဖြစ်လေ့ရှိတယ် ။
လူဟာ …………..
တစ်ယောက်ထဲ ရှိနေစဉ် သို့မဟုတ် အများနဲ့ ရှိနေစဉ်တွေမှာကိုယ်ပဲ မိမိလုပ်ရပ်တိုင်းအတွက် အများလက်ခံရင် ကျေနပ်စိတ် ဖြစ်မိတယ် ။

လူဟာ ……… တစ်ယောက်ထဲ ရှိနေစဉ်မှာတောင် ကိုယ်လုပ်နေတာတွေကို တစ်ယောက်ယောက်က ကြည့်နေသလိုမျိုး စိတ်ထဲ ရှိနေတတ်ပြီး ညင်ညင်သာသာ ကျကျနန ပြုမူတတ်တယ် ။ အဲ့ဒီလို ပြုမူလိုက်ပြီးရင်လည်း ကျေနပ်နေတတ်ပြန်တယ် ။
လူဟာ ………. တစ်ခုခုလုပ်နေချိန်မှာ ထိုလုပ်ရပ်ဟာ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ တခြားသူအမြင်ကို ပိုပြီး ဂရုစိုက်တတ်ပြန်တယ် ။
လူဟာ ………… တခြားတစ်ယောက်က မင်းလုပ်တာ မကောင်းဘူး ဘယ်လိုကြီးဆိုပြီး အပြစ်ပုံစံမျိုး ဝေဖန်တာမျိုးဆိုရင် မိမိလုပ်တာတွေ ဘယ်လိုရှိရှိ ထိုပြောချက်အောက်မှာ စိတ်ဆင်းရဲတာမျိုး မကျေနပ်တာမျိုး ဖြစ်တတ်တယ် ။
လူတစ်ယောက်ရဲ့ ကိုယ်ပိုင် ကျေနပ်ခြင်း မကျေနပ်ခြင်းဟာ ထိုလူတစ်ယောက်မှာသာ ရှိပါတယ် ။ ကိုယ့်ရဲ့ ကျေနပ်ခြင်းက တခြားသူဆီမှာ မရှိပါဘူး ။ ဒါကို ခွဲခြားသိဖို့လိုပါတယ် ။
မိမိပတ်ဝန်းကျင်က ဝေဖန်ချက်များကို ကျော်လွှားဖို့ ကိုယ့်ကိုယ်ကို ရှင်းရှင်းလင်းလင်း မြင်ထားဖို့လိုပါတယ် ။ တကယ်တော့ စိတ်ချမ်းသာခြင်းဟာ သူများဆီမှာ မရှိပါဘူး ။ ကိုယ့်နှလုံးသားအတွင်းစိတ်မှာသာ ရှိတာပါ ။
လူဟာ ………. တပါးသူရဲ့ တုံ့ပြန်ချက်တွေ အပြစ်ပြောချက်တွေကို ယူပြီး ကိုယ့်ကိုယ်တိုင်ရဲ့ ပျော်ရွှင်မှု ၊ စိတ်ချမ်းသာမှု ကို အလိုမကျခြင်း ရွှံနွံထဲ မြုပ်ပစ်တတ်လေ့ ရှိပါတယ် ။
လူတစ်ယောက်မှာ စိတ်ချမ်းသာခြင်း ဖြစ်နေတဲ့အချိန်ဟာ စိတ်ချမ်းသာနေတဲ့အချိန်ပါပဲ ။ယခုလက်ရှိဖြစ်တည်နေတဲ့ အချိန်မှာ စိတ်ချမ်းသာ ကျေနပ်မှု ကို ကိုယ့်စိတ်အတွင်းမှာ ပြုကြည့်လိုက်ပါ ။ ဒါဟာ လွယ်ကူသော စိတ်ချမ်းသာနည်းတစ်ခုပါပဲ ။
ဖြစ်ပျက်မှုပေါင်း အားလုံးထဲကနေ အပေါင်း တွေကိုပဲ ရွေးမြင်လိုက်ပါ ။ အနုတ်တွေဆိုတာက  အပေါင်းတွေရဲ့မြင့်မြတ်မှုအတွက် မပါမဖြစ်ပါနေရတာမို့ အမြဲရှိနေမှာပါ ။ ကျောက်စိမ်း တန်ဖိုးမြင့်နေဖို့အတွက် ကျောက်ခဲများ ရှိနေရတယ်လို့ မြင်ကြည့်လိုက်ပါ  ။ ဒီတော့ အနုတ် ရလဒ်ဟာ နေရာတိုင်းမှာ ရှိနိုင်တယ် ။ အနုတ်ရလဒ်တွေကို သင့်မြင်ကွင်းကနေ ခွဲခြားတတ်ဖို့လိုပါတယ် ။
လူတိုင်းမှာ စိတ်ချမ်းသာဖို့အတွက် အသားလွတ်မဖြစ်နိုင်တာမို့ စိတ်ချမ်းသာစရာ ကို မြင်ကြည့်တတ်ဖို့ လိုပါတယ်။  မြင်ကြည့်တယ်ဆိုရာမှာ မိမိအတွက် အများအတွက် ဖြစ်ဖြစ် ကောင်းကျိုး အနည်းငယ်ပြုလိုက်တယ်ဆိုရင် စိတ်ချမ်းသာမှုကို ရှာလို့ရပါတယ် ။ အဲ့ဒီအချိန် ထိုအပြုအမူအတွက် အပြုံး တစ်ခုကို သင့်မျက်နှာမှာ မရှက်မကြောက်သာ ပြုံးနေလိုက်ပါ ။
အပြုံးဆိုတာနဲ့ ပတ်သက်ပြီး လူတွေဟာ အသားလွတ် ပြုံးရမှာ ဝန်လေးတတ်ကြပါတယ် ။ ဘာလို့လဲဆို တဖက်လူရဲ့ အမြင်ကို ဂရုစိုက်နေတတ်တဲ့ အကျင့်ကြောင့်လို့ ဆိုချင်ပါတယ် ။
ကျေနပ်စရာ ၊ ပြုံးစရာ ရှာမရတဲ့အခါ  တစ်ခုသော အကြောင်းကို သတိပြုလိုက်ပါ ။ အဲ့ဒါက ကိုယ်ဟာ လူသားဖြစ်နေလို့ ဆိုတာပါပဲ ။ ခုလို အသိဥာဏ် ရှိရှိနဲ့ မိမိဘဝကို ယှဉ်ပြီး သုံးသတ်တတ်တာဟာ တော်တော် အားရ ကျေနပ်စရာပါ ။ ဒီတော့ လူဖြစ်ရပြီး အသိဥာဏ် ရှိနေခြင်း ကို မြင်ယောင်ကြည့်လိုက်ပါ ။
သက်ရှိတိုင်းဟာ ဝိဥာဉ် တစ်ခုစီ ရှိပါတယ် ။ ထို သက်ရှိတိုင်းမှာလည်း ဆိုင်ရာဆိုင်ရာ ကျင်လည်နေရတဲ့ အသိလေးတွေ ရှိကြတယ် ။ အဲ့ဒီသက်ရှိတွေနဲ့ နှိုင်းစာရင် ကိုယ်ဟာ လူအဖြစ်မို့ နှိုင်းဆလို့မရအောင် သာနေပြန်ပါတယ် ။ အဲ့ဒီထက် ပိုနေတာက လူလူခြင်းတူနေတာတောင် ခုလို စဉ်းစားမှု မပြုသူတွေထက် သာတယ်ဆိုတာပါပဲ  ။ နောက်ထပ် ဒီထက် ပိုကောင်းတာမျိုးတွေကို လုပ်မယ်လို့ စိတ်ထဲရှိနေတာကလည်း ကောင်းခြင်းတစ်မျိုးပေပဲမို့ ကိုယ်ဟာ ကံကောင်းနေတဲ့သူ ဖြစ်နေပါတယ်  ။ ဒီတော့ ယခုလို မိမိဘဝအတွက် အားရ ကျေနပ်ခြင်း ကို ကြည့်ခွင့် ရှိနေတုန်း မြင်အောင်ကြည့်လိုက်စေချင်ပါတယ် ။
တခါတခါ မိမိမှာ စိတ်ညစ်ခြင်း ဖြစ်ပေါ်လာတဲ့အခါမှာ စိတ်ချမ်းသာစေသော အကြောင်းများကို ပြန်ဆင်ခြင်ကြည့်လိုက်ပါ ။ အဲ့ဒီအချိန်မှာ သင်ဟာ အဖိုးတန် လူသားတစ်ယောက် ဖြစ်နေတယ်ဆိုတာ အလိုလို သိလာပါလိမ့်မယ် ။
မကောင်းဘူးဟု မိမိအမြင်ဖြင့် သိနေသော အလုပ်မျိုး ၊ အပြုအမူမျိုး မလုပ်မိအောင် ထိန်းသိမ်းပါ ။ ဒါဆိုရင် သင်ဟာ တိုးတက်  ပြောင်းလဲ လာနေသော လူတစ်ယောက်ဆိုတာ သေချာနေပါပြီ ။
အသိရှိနေသော လူတစ်ယောက်အတွက် တစ်ခုခုမလုပ်ခင် မိမိအသိမှာ ကောင်းတာလား ၊ ဆိုးတာလား ဆိုတာတွေကို အလိုလို ခွဲခြားသိနေတတ်ပါတယ် ။ အဲ့ဒီအချိန်မှာ မိမိအနေဖြင့် စင်ကြယ်သော ရွေးချယ်မှု ကိုသာ ရဲရဲဝံ့ဝံ့ ပြုမူဖို့လိုတာပါ။
မိမိမှာရှိတဲ့ အကျိုးရှိစေမဲ့ သိခြင်း ၊ တတ်ခြင်းကို ဖော်ပြနေတာထက် အကျိုးရှိအောင် အသုံးချခြင်းက မွန်မြတ်ပါပေတယ် ။ အသိအမှတ်ပြုတာ မပြုတာထက် အသုံးတည့်နေခြင်းက မွန်မြတ်မှုပါပဲ ။ ဘာတွေ ဘယ်လိုပဲ ဖြစ်တည် ရှိ ဖော်ပြ နေပါစေ ကိုယ့်ကိုယ်ကိုတော့  ဘယ်လို အဆင့်အတန်းရှိတဲ့သူလဲဆိုတာ လူတိုင်း သိနေပါတယ် ။
( နောက်များမှ ဆက်ရေးပါမည် )
ဘာနေ
၂၄ရက် ၊ ဖေဖော်ဝါရီ ၊ ၂၀၁၂

No comments: