Tuesday, February 28, 2012

စာဖတ်တတ်ပါစေ


ကျနော်တို့တတွေဟာ ခုလို အင်တာနက်မှာ စာတွေလိုက်ဖတ်ဖြစ်ကြပါတယ် ။  အားလုံးအနေနဲ့ စာတွေဖတ်တဲ့အခါမှာ ဘာတွေကို လိုချင်လို့ လိုက်ဖတ်တာလဲ ဆိုပြီး အတွေးခေါင်မိပါတယ် .။ ဥပမာ စာဖတ်သူတစ်ယောက်ဟာ သူ့အနေနဲ့  အတွေးအမြင်သစ်ကို လိုချင်လို့လား ဒါမှမဟုတ် စိတ်ကျေနပ်မှု တစ်ခုခု ရချင်လို့လား ဆိုတဲ့ အတွေးများနဲ့ ဖတ်ဖြစ်ကြပါတယ် ။ အများအားဖြင့် အင်တာနက်ပေါ်က စာတွေမှာ ကိုယ့်စိတ်နဲ့ လက်ခံလို့ရတဲ့ အတွေးအမြင် ရှိသလို လက်ခံလို့မရတဲ့ အတွေးအမြင်လည်း ရှိတတ်ပါတယ် ။ အဲ့ဒီလို
ရှိရှိသမျှ စာတွေကို လိုက်ဖတ်ရာမှာ သေချာ သတိထား သိရှိဖို့ အသိပေးချင်မိပါတယ် ။ စာတွေလိုက်ဖတ်တဲ့အခါ  စာဖတ်သူဟာ သူ့ ပင်ကိုယ် စဉ်းစားဥာဏ်ကို အခြေပြုပြီး ဖတ်လိုက်တဲ့ အတွေးအမြင်ကို မိမိဦးနှောက်မှတ်ဥာဏ်ထဲ ထည့်ပြီး လက်ခံတွေးကြည့်လိုက်ပါတယ် ။ အဲ့ဒီအချိန် ဖတ်လိုက်တဲ့ အကြောင်းအရာဟာ  သူ့ ကိုယ်ပိုင်အတွေးနဲ့ လက်ခံလို့ ရသွားရင် မှတ်ဥာဏ်ထဲမှာ အလိုလို မှတ်ဖြစ်သွားတတ်တာပါပဲ ။
ကျနော်တို့ တနေရာရာက အကြောင်းအရာ တစ်ခုကို ဖတ်ဖူးတယ်ဆိုပါစို့ .. အဲ့ဒီအကြောင်းအရာကိုပဲ နောက် အတော်အတန်ကြာတဲ့အခါ  ထပ်ဖတ်ဖြစ်မိတယ်ဆိုရင်  ကျနော့်တို့ စိတ်ထဲမှာ ငါ  ဒါကို ဖတ်ဖူးပြီးသားပဲဆိုတာ သိနေပါလိမ့်မယ် ။ ဒါပေမဲ့ ဖတ်ပြီးသားစာတွေတိုင်းကို ပြန်တွေးကြည့်ပါလားဆိုရင် ကျနော်တို့ အသိဥာဏ်ပိုင်းမှာ ရေရေရာရာ စဉ်းစားလို့မရတော့ပါဘူး ။ ခုလို ဖတ်ခဲ့ဖူးပြီးသော အကြောင်းအရာတူကို  ခုဖတ်တော့ ဖတ်ပြီးသားမှန်း သိသွားတယ် ။ ဒီလိုသိမိခြင်းဟာ ကျနော်တို့ ဦးနှောက်မှတ်ဥာဏ်ထဲမှာ ဖတ်လိုက်တဲ့ စာတွေ စိမ့်ဝင်နေတယ်ဆိုတာ ထင်ရှားနေပါတယ် ။ ဒီတော့ စာဖတ်သူ တစ်ယောက်ဟာ ကောင်းတဲ့စာတွေ ဖတ်ပြီး ကောင်းတဲ့အတွေးတွေနဲ့ ရှင်သန်နေရင်း ကောင်းတာတွေပဲ  ပြုမူဖြစ်ပါလိမ့်မယ် …။ အဲ့လိုမှ မဟုတ်ပဲ မကောင်းတဲ့ စာတွေကို ဖတ်ပြီး မကောင်းတဲ့ အတွေးအမြင်တွေကို မှတ်သား .. အဲ့ဒီမကောင်းတဲ့ အတွေးတွေနဲ့ အရာရာကိုချိန်ထိုး စဉ်းစားမိသွားတဲ့အခါ .. ထွက်ပေါ်လာတဲ့ အတွေးတွေဟာလည်း သန့်မလာသလို လုပ်ရပ်တွေကလည်း ဖြူစင်လာမှာမဟုတ်ပါဘူး … ။
ဒီတော့ . စာဖတ်သူအနေနဲ့ … စာတစ်စုကို စဖတ်လိုက်တာနဲ့ ဒီစာဟာ ဘယ်ကို ဦးတည်နေတယ်ဆိုတာ သိနေဖို့ လိုပါတယ်  …။  ဒါမှ မှတ်ဥာဏ်အတွင်း မဝင်ရောက်ခင် အကောင်းအဆိုး  ခွဲခြားမှုကို လုပ်လို့ရပါလိမ့်မယ် ။ ခုလို စာဖတ်ခြင်းမှာ ကောင်းတဲ့ စာတွေ နဲ့ မကောင်းတဲ့ စာတွေကို ဘာလို့ခွဲခြားစေချင်တာလဲဆိုရင် စာဖတ်သူကို စိတ်ကောင်းစိတ်မြတ်တွေနဲ့ ရှိစေချင်လို့ပါပဲ ..။ ဘာလို့လဲဆို ဘယ်သူမဆို စိတ်ထားကောင်းကောင်းလေးနဲ့ မိမိဘဝကို ပိုင်ဆိုင်ချင်ကြတာချည်းပဲမို့ပါ ..။ မိမိအနေနဲ့ .. ဖတ်မဲ့ အကြောင်းအရာ တစ်ခုခုဟာ ဗဟုသုတ ဖြစ်ဖြစ် ရရမယ် ဒါမှမဟုတ် အသိပညာ တစ်ခုခု တိုးမယ်ဆို ဖတ်ကြည့်ပေါ့ ..။  မှတ်ဥာဏ်ထဲကို ဖတ်လိုက်သမျှ အတွေးအမြင်တွေက စိမ့်ဝင်သွားတယ်ဆိုတာ သိထားစေချင်ပါတယ် ။ အဲ့ဒီ မှတ်သားဥာဏ်တွေက မိမိလက်ရှိ ဖြတ်သန်းနေစဉ် အကြောင်းအရာတွေအပေါ်မှာ လွမ်းမိုးနေတယ်ဆိုတာ သတိထားစေချင်ပါတယ် . ။
စိတ်ပညာရှင်တွေရဲ့ ပြောပြချက်မှာ “လူတစ်ယောက်ဟာ .. သူ့စိတ်ထဲမှာ သူ့ကိုယ်သူ ထင်မြင်နေတဲ့အတိုင်း အပြင်လောကဟာလည်း တဖြည်းဖြည်း ဖြစ်ပေါ်လာတာချည်းပါပဲ” တဲ့ .။ အဲ့ဒီအဆိုပြုချက်ကို ကျနော်လက်ခံပါတယ် .။ အကြောင်းက လူတိုင်းမှာ သူတို့ တွေးနေကြ လုပ်နေကြ အရာတွေက သူတို့စိတ်ထဲ မှတ်သားမှုအဖြစ် ဝင်ရောက်သွားပြီး နောက်ထပ် ဆက်ဖြစ်ပေါ်မဲ့ အရာတွေအပေါ်မှာ အဲ့ဒီ ရှိနှင့်ပြီးသော မှတ်ဥာဏ်ရဲ့ အားကိုးနဲ့ချည်းပဲ ဖြေရှင်းကြတာမို့ပါ ။ ဒီတော့ စာဖတ်တာတွေ ၊ တွေးတောတာတွေမှာ မိမိခေါင်းကို အမှိုက်တောင်းမဖြစ်အောင် သတိနဲ့ နေကြပါ ။ မိမိဖတ်မဲ့ ၊ တွေးမဲ့ အရာတစ်ခုဟာ အမှိုက်လား ၊ ရွှေလားဆိုတာ ခွဲခြားတတ်ဖို့လည်း လိုပြန်ပါသေးတယ် .. ။ ဒါမှသာ အချိန်နဲ့တည်ဆောက်တဲ့ ဘဝမှာ မိမိပိုင်ဆိုင်တဲ့ အချိန်တွေအတွက် တန်းဖိုးရှိရှိ ပုံဖော်နိုင်ပါလိမ့်မယ် ။
မိမိဘဝကို အကောင်းဆုံးအသုံးချတတ်ပါစေ ..
ဘာနေ
၂၈ ၊ ဖေဖော်ဝါရီ ၊ ၂၀၁၂

No comments: